Breaking News

6/recent/ticker-posts

Header Ads Widget

Responsive Advertisement

စစ်ကောင်စီလေတပ်ဗုံးကြဲလို့ မြဝတီက ကုန်စည်ဂိုထောင်တွေ မီးလောင်နေ

     မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်အနီးက ရပ်ကွက် ၇ နေရာမှာ ထိုင်းနိုင်ငံထုတ် ကုန်စည်တွေ ယာယီသိုလှောင်တဲ့ ဂိုထောင်နဲ့ ကုန်ကားကွင်းနေရာတွေကို စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့တာကြောင့် ဂိုထောင်တွေမီးလောင်နေပါတယ်။

Citizen Journalist

    ဧပြီ ၁၀ ရက် ညနေပိုင်းအထိ ဂိုထောင်လေးလုံး မီးလောင်ကျွမ်းနေတယ်လို့ မြဝတီမြို့ခံတစ်ဦးက ပြောပါတယ်။

"အမှတ် ၇ ရပ်ကွက် တောင်ကလေးဘုန်းကြီးကျောင်းနားက ထိုင်းပစ္စည်း သိုလှောင်ထားတဲ့ ဂိုထောင်တွေ၊ ကုန်ကားကွင်းတွေ၊ ကားတာယာဂိုထောင်တွေရှိတယ်။ အဲဒီကနေ PDF တွေ ပစ်တာမျိုးဆိုတော့ လေယာဉ် မီးလောင်ဗုံးကြဲလို့ မီးလာင်နေတာ ငြှိမ်းမဲ့သူ မရှိဘူး။ မြို့ထဲက မီးသတ်လဲ မလာဘူး၊ အဲဒီဘက်ကို ဘယ်သူမှ မသွားရဲဘူး၊ တိုက်ပွဲဖြစ်နေတာ ဆိုတော့လေ၊ တော်တော်တော့ မီးများတယ်၊ ဂိုထောင်လေးလုံးလောက်‌တော့ ရှိနေပြီ၊ မနေ့က ဗုံးကြဲလို့ လောင်နေတဲ့ တောမီးတွေလဲ မငြိမ်းသေးဘူး၊ အခုညနေအထိလဲ လေယာဉ်ကြဲတုန်းပဲ"

    စစ်ကောင်စီလေတပ်က Y12 ဗုံးကြဲလေယာဉ်၊ ဂျက်လေယာဉ်တွေနဲ့ ဧပြီ ၉ ရက် နေ့လယ်ပိုင်းကနေ ဧပြီ ၁၀ ရက်ညနေ ၆ နာရီအထိ ဆက်တိုက်တိုက်ခိုက်နေသလို ခြေလျင်တပ်ရင်း (ခလရ ၂၇၅) ကိုလည်း ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ် ပူးပါင်းတပ်တွေက တိုက်ခိုက်နေလို့ တိုက်ပွဲ ပြင်းထန်နေပါတယ်။

    တိုက်ပွဲကြောင့် မြဝတီမြို့တွင်းက ဒေသခံတွေ စစ်ဘေးရှောင်နေကြတာကြောင့် သူတို့အိမ်တွေ ဖောက်ထွင်းခိုးယူခံရတာမျိုး မရှိအောင် ကရင်နယ်ခြားစောင့်တပ် (BGF) တွေက မြို့ထဲမှာနေရာယူထားပြီး ဒုစရိုက်ကျူးလွန်နေကြသူတွေ သုံးရက်အတွင်း အမြန်ဆုံး ထွက်ခွာကြဖို့၊ ဖော်ထုတ်ဖမ်းဆီးရမိသူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ်စီရင်မယ်လို့ BGF က လှည့်လည် ကြေညာထားတယ်လို့ မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    မြဝတီမြို့တွင်း၊ မြို့ပြင်ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံတွေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက် စစ်ဘေးဒုက္ခသည်တွေ ခိုလှုံဖို့ အမှတ် ၁ ချစ်ကြည်ရေး တံတားကနေ တံတားဖြတ်သန်းခွင့်လက်မှတ်နဲ့ ဝင်ရောက်လာသူ ဒီနေ့မှာ တစ်ထောင်နီးပါးရှိတယ်လို့ ချစ်ကြည်ရေးတံတားအနီး နေထိုင်သူတွေက ပြောပါတယ်။

    ဧပြီလ ၉ ရက်နေ့က ထိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့အစည်းအဝေးပွဲအပြီးမှာ နိုင်ငံခြားရေးဝန်ကြီး ပန်ဖရီး ပါထီဟာနုကွန်းက မြဝတီမြို့က တိုက်ပွဲကြောင့် ထွက်ပြေးလာနိုင်ခြေရှိသူတွေအပါအဝင် မြန်မာ စစ်ဘေးဒုက္ခသည် တစ်သိန်းအထိ လက်ခံနိုင်အောင် ပြင်ဆင်ထားတယ်လို့ ပြောထားပါတယ်။

    စစ်ဘေးဒုက္ခသည်တွေအနေနဲ့ မဲဆောက်ဘက်က သူတို့နဲ့ နီးစပ်ရာ၊ အသိမိတ်ဆွေနဲ့ မိသားစုဝင်တွေ ယာယီနေထိုင်အလုပ်လုပ်တဲ့ နေအိမ်တန်းလျားတွေဘက်ကို လာရောက်ခိုလှုံနေတာတွေရှိနေပြီး ထိုင်းနိုင်ငံ မဲဆောက်အာဏာပိုင်တွေဘက်ကတော့ နေရာချထားပေးပြီး စောင့်ရှောက်ကူညီတာ မရှိသေးဘူးလို့ မြဝတီဘက်က ရှောင်လာသူတွေကို မဲဆောက်မြို့မှာ အကူအညီပေးနေသူက ပြောပါတယ်။

    မြဝတီမြို့မှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို တယ်လီဖုန်း ဆက်သွယ်မေးမြန်းပေးမဲ့ ဖုန်းလက်ခံ မဖြေဆိုပါဘူး။

    ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်က လှေဂိတ်၊ တံတားဂိတ်၊ ကမ်းကူး ကုန်စည်ဂိတ်တွေမှာ ထိုင်းတော်ဝင်တပ်မတော်၊ ထိုင်းနယ်ခြားစောင့်တပ်၊ တာခ့်ခရိုင် ရဲတပ်ဖွဲ့တွေ အသင့်အနေအထားနဲ့ နေ့ရော ညပါ ကင်းလှည့် စောင့်ကြည့်နေပါတယ်။

~~~ Cast ~~~

  • Reporting by RFA Burmese.

  • ®️ Reference By RFA Burmese.

    © Vuu Party News, 2024. All Rights Reserved.

℗ Publish By Vuu Party website.

Post a Comment

0 Comments